Jan 18, 2010


“အမေပြောတော့သားချော”

လူတိုင်းလူတိုင်းမှာ သူ့ရုပ်သူ့ရည်နဲ့ လှပြီးသားချောပြီးသားပါ။အကြောင်းကြောင်းကြောင့် ရုပ်ဆိုးသွားကြတာရှိသလို ရှေးဘဝ ကုသိုလ်ကံကြောင့် ရုပ်ဆိုးကြတာလည်း ရှိတာပေါ့ အဲဒီလို ရုပ်ဆိုးတာကို အားငယ် ဝမ်းနည်းကြတဲ့သူတွေ ဒုနဲ့ဒေး ရှိကြတယ်။ဒါဟာ ဝမ်းနည်းစရာ အားငယ်စရာမဟုတ်ပါဘူး အဓိက ကိုယ့်စိတ်ပါပဲ။သဘာဝကပေးတဲ့အတိုင်း(သို့)ဘုရားသခင်ပေးထားတဲ့အတိုင်း အမေမွေးတဲ့အတိုင်း လက်ခံရ
မှာပေါ့။အဲဒီလို လူတွေကို တစ်ချို့က ကဲ့ရဲ့ကြ လှောင်ကြ ပြောင်ကြတယ် ဒါဟာ လုံးဝမကောင်းပါဘူး။သူတစ်ပါး အားနည်းချက်ကို မဝေဖန်သင့်
မကဲ့ရဲ့သင့်ဘူးလို့ ထင်ပါတယ် ဒါဟာ ကျွန်တော့် ယူဆချက်ပါ။ကျွန်တော့်ကိုလည်း တစ်ချို့က ရုပ်ဆိုးတယ်လို့ပြောကြတာပဲ ဒါပေမဲ့ ကျွန်တော်ဝမ်းမနည်းပါဘူး သူတို့ပြောတာကို ပိုလို့တောင်သဘောကြသေးတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတာက ကျွန်တော့်ကို လေးဖြူ
တဲ့ ပထမနှစ် ကျောင်းသားဘဝက အမျိုးသမီးအဆောင်ရှေ့ ဂစ်တာတီးပြီး အသံသေး အသံကြောင်နဲ့ သီချင်းဆိုတဲ့အခါ အသံလေးကတော့ ကောင်းပါတယ် ရုပ်ကတော့ လေးဖြူပဲတဲ့ သူတို့ကပြောကြတယ်။ကိုလေးဖြူက ရုပ်မဆိုးပါဘူးနော၊ကျွန်တော်တို့ မြို့မှာ ကြယ်စင်မိုး ဆိုတဲ့တီးဝိုင်း
တစ်ခုကို အစိုးရလူကြီးတွေက ဦးစီးပြီး ဖွဲ့ထားတာရှိတယ် အဲဒီတီးဝိုင်းမှာ ကျွန်တော်နဲ့ကျွန်တော့်ညီမက ပင်တိုင်သီဆိုကြပါတယ် တီးဝိုင်းအဖွဲ့က
ကျွန်တော့်ကို ဒိုးလုံးတဲ့၊ဒိုးလုံးကလည်း ရုပ်မဆိုးပါဘူးနော၊ကျွန်တော်က မန်ယူဘောလုံးအသင်းဆို အရမ်း Crazy ဖြစ်တာ ဒါကို ကျွန်တော့်သူငယ်ချင်းတွေ၊ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတိုင်း သိကြတယ်။ညနေတိုင်း ဘောလုံးကန်ကြပါတယ် ကျွန်တော်တို့ အသင်းက သူငယ်ချင်းတွေက ကျွန်တော့်ကို ဆာဟာတဲ့၊အဲဒီတုန်းက မန်ယူမှာ ပြင်သစ်တိုက်စစ်မှူး ဆာဟာ ရှိတယ်။ဆာဟာလည်း ရုပ်မဆိုးပါဘူးဗျာနော။
သူတို့တွေ ဘယ်လိုပဲ မြှောက်မြှောက် ကျွန်တော်မမြောက်ပါဘူး ဟဲ..ဟဲ။စိတ်လဲအဆိုးဝူး။ကျွန်တော့်အမေက ပြောတယ် ငါ့သားက လူချောတဲ့။
မင်းမော်ကွန်း သီချင်းလိုပေါ့ အမေကပြောတော့ သားချောပါ ဆိုသလိုပေါ့။ဒါကြောင့် ကိုယ့်ကိုယ်ကို ရုပ်ဆိုးလို့ စိတ်ညစ်နေတဲ့သူတွေ အားမငယ်ပါနဲ့
ကိုယ့်အမေကို ပြန်မေးလိုက် အဲဒီအခါ သယ်ရင်းတို့ ကြားချင်တဲ့ အဖြေကို ကြားရလိမ့်မယ်။ကျွန်တော်လည်း ရုပ်ဆိုးတာပါပဲ ဒါပေမဲ့ အဲဒီကိစ္စကို အဝေးသင်ဒုတိယနှစ်ဖြေပြီးမှသိရတာ ဘယ်လိုသိရသလဲဆိုရင် အမေနဲ့ကျွန်တော် အကြွေးသွားတောင်းတဲ့နေ့ကပေါ့ အမေကစိုက်ပျိုးရေးရုံးထဲဝင်ပြီးအကြွေးတောင်းနေတုန်း ကျွန်တော်ကရုံးရှေ့မှာစောင့်နေခဲ့တယ်။အဲဒီအချိန် သုံးတန်းကျောင်းသားအရွယ် ကလေးငယ်
တစ်ယောက် ကျောင်းအပြန်နဲ့တူပါတယ် ရောက်လာတယ် ဒီကလေးကိုကြည့်ပြီး ကျွန်တော်ဟာ ငယ်ငယ်က ကျွန်တော်ကျောင်းသွားတဲ့ပုံကို သတိရလို့
ပြုံးလိုက်မိတယ် ဒီအချိန်မှာပဲ အဲဒီကလေးဟာ ကျွန်တော့်ကို ကြည့်ပြီး ဖိနပ်နှစ်ဘက်ကို ကုန်းကောက် လက်တစ်ဘက်က လွယ်အိတ်ကိုမပြီး သရဲသဘက် တွေ့တဲ့အလား အမေရေ...လို့ အော်ငိုပြီး ပြေးလိုက်တာ တန်းနေတာပဲ ကျွန်တော်တောင်ကြောင်သွားတယ် အဲဒီလောက်တောင်ပဲ ကျွန်တော့်ရုပ်ကလှတာ။အဲဒီလို လေးဖြူလိုလို ဒိုးလုံးလိုလို ဆာဟာလိုလို ကျွန်တော်ဟာ အခုမလေးရှားမှာ ဘာသရဲမှအခြောက်မခံရဘူး မလေးရှားစုန်းတွေတောင် ကျွန်တော့်ကိုတွေ့ရင်ဝေးဝေးက ရှောင်သွားသလားမသိအောင်ပါပဲ။ဘယ်သူတွေဘာပြောပြော သယ်ရင်းတို့ရေ အမေရှိနေသရွေ့ တို့ဟာ ကမ္ဘာမှာ အလှဆုံးပဲဟေ့။ ။

အန်(န်)စလင်း
5.1.2010 Malaysia

No comments: