Dec 24, 2009


"ဖြေလှည့်စေချင်"

ပထမဆုံး တွေ့ခဲ့ပေမဲ့
ဒုတိယမြောက် ဖြစ်သွားတဲ့ငါ
ဘာတွေကို ဂရုစိုက်နေရဦးမှာလဲ
.... .... .... .... .... .... .... ....
ဒုတိယမြောက် ဖြစ်ခဲ့ပေမဲ့
အရင်လူထက် ပိုချစ်တတ်တဲ့ငါ
မင်းအတွက်ပဲ ပေးဆပ်ချင်ခဲ့တာ
.... .... .... .... .... .... .... ....
အချစ်နဲ့အမုန်းရဲ့ ကြားကငါ
ဘယ်အရာဘက် ငါတိမ်းညွတ် သွားနိုင်သလဲ
မင်းဆုံးဖြတ်ပေးလှည့်ပါ
နောက်ဆုံးသောအဖြေဟာ....?

အန်(န်)စလင်း

“ကိုယ်တိုင် ခံစားခဲ့ရသော စကားလုံးများ”

“မပက်သက်ချင်တဲ့သူကို မပက်သက်ချင်ပါဘူး ဆိုတဲ့စကား။မလိုလားတဲ့သူကို မလိုလားပါဘူး ဆိုတဲ့စကား ပြောခွင့်မပြုဘူးလား။
ဟန်ဆောင်ထားတဲ့ လူဟာ မလုံခြုံဘူး၊သူ့မှာ ဖြေဆည်စရာ မရှိဘူး၊ဟန်ဆောင်ထားတာ တစ်ခုပဲရှိတယ်။မျိုသိပ်ထားတဲ့ သူက လုံခြုံတယ် သူ့မှာ ဖြေဆည်စရာ ရှိတယ်။
အားနည်းချက်ရှိရင် ဘယ်မှာရပ်ရပ် သိမ်ငယ်နေမှာပဲ”
မောင်လှမျိုး(ချင်းချောင်းခြံ)
“အချိန်တိုင်းရဲ့သခင်”
.... .... .... .... .... .... .... ....။
“သစ်ပင်တစ်ပင်လုံးကို ခုတ်ထွင်မယ်ဆိုရင် နတ်နေကိုင်းတော့ ထားပေးရတယ် ငါ့ရင်ထဲမှာ သစ်ပင်တစ်ပင် ရှိခဲ့ရင်.....ငါ့နတ်နေကိုင်းဟာ မင်းပဲ”
အကြည်တော်
“နတ်နေကိုင်း”
.... .... .... .... .... .... .... ....။
“ရိုးသားဖြူစင်သူတွေကို
တဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူ ရမယ်ဆိုရင်
အဲဒီ သရဖူကိုလည်း လုံးဝမယူလေနဲ့”
မိုးဃ်ဇော်
“သားချော့တေး”
.... .... .... .... .... .... .... ....။
“ပိုက်ဆံ ရှိရင်
လေယာဉ်ပျံ ဆယ်စီးလောက် ဝယ်ပြီး
ပက်လက်လှန် စီးပစ်လိုက်ဦးမယ်”
မင်းချမ်းမွန်
“ကျိန်စာ”
.... .... .... .... .... .... .... ....။
“သူတစ်ပါးကျောကို သူတစ်ပါးချတာ
ကြားကဝင်နာတတ်တဲ့သူဟာ စာရေးဆရာ ကဗျာဆရာပဲ”
(တက်တိုး)
.... .... .... .... .... .... ....။
“ငါရတဲ့ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာ ဖြစ်စေရမည်”
ဖေမြင့်
“ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်”
.... .... .... .... .... .... ....။
“ကဗျာဆရာဟာ နိမိတ်ပုံတွေနဲ့ တွေးတာကို စွန့်လိုက်လျှင် မိမိ ပညာအလုပ်ကို မလုပ်တာဘဲ”
“စိတ်ကူးတာကို စိတ်ကူးယဉ်တာနဲ့ ရောထွေးမပစ်သင့်ဘုး”
“ကဗျာဆိုတာ ဘာသာစကားရဲ့ အနုပညာ”
“အကောင်းဆုံး ဘာသာစကားဟာ တကယ့်ဘဝကလာတယ်”
“ကဗျာဟာ ခံစားမှုရဲ့ နိုင်ငံဖြစ်တယ်”
မောင်သာနိုး “ကဗျာအကြောင်း”
.... .... .... .... .... .... .... ....။
“တစ်ကိုယ်တော် အောင်မြင်မှုအတွက်
သင်၏ သနား ဂရုဏာကို ခံယူလိုသော
သတ္တိကြောင်သူ မဖြစ်လိုပါ
ရှုံးနိမ့်သည့်အခါတွင်မူ
သင့်လက်ကို ဆုပ်ကိုင်ထားနိုင်ခွင့်
ရရှိသောသူသာ ဖြစ်ရပါလို၏”
(တဂိုး)
အကြည်တော် “နတ်နေကိုင်း”
.... .... .... .... .... .... .... ....။

အန်(န်)စလင်း

Dec 23, 2009


"IMPOSSIBLE IS NOTHING"

ပင်လယ်ပြင်ကို လက်ပစ်ကူး
မြင့်မိုရ်တောင်ကို ဇီးသီးစေ့နဲ့ဖြို
မိုးတိမ်တွေကို ဒူးနဲ့တိုက်
အချိန်တွေကို နောက်ပြန်လှည့်
သေဆုံးသူတွေကို အသက်သွင်း
ဦးခေါင်းနဲ့ လမ်းလျှောက်
ခံစားမှုတွေကို ကြိုးနဲ့ချည်
ရေကို ကြေညက်အောင် ဝါးစား
ကမ္ဘာကြီးကို ဘောလုံးလိုလုပ်ကန်
ကြော်ငြာ မလွှင့်တဲ့ T.V Channel ကိုရှာ
ကာမ တဏှာစိတ် မရှိတဲ့သူကိုရှာ
(ဘုရားသခင်နှင့်ဘုရားသားတော်များမှအပ)
တွေ့တဲ့အခါ တိုင်တည်လိုက်ပါ
ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့
မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ နပိုလီယံကို
ပြောလိုက်ပါ
မနက်ဖြန်ဟာ မသေချာခြင်း များစွာနဲ့
စောင့်နေတယ်လို့.......။

အန်(န်)စလင်း


"စိတ်ညစ်တယ်"

တစ်ပြည် တစ်ရွာမှာ နေရတဲ့ဘဝ
အရမ်းကို ခါးသီးလွန်းတယ်
ပျော်ချင်တိုင်းလည်း မပျော်
ဒုက္ခတွေကို ခါးသီးစွာ ခံစား
ရှင်လျှက်နဲ့ သေဆုံးနေရတဲ့ အခါ
ဆန္ဒရှိသမျှ ပေါက်ကွဲချင်တယ်
ဘယ်လိုမှ ဖြေသိမ့် မရတဲ့အခါ
ကံကြမ္မာကိုပဲ အပြစ်ပုံချနေရတယ်။

အန်(န်)စလင်း


“သူသိပါစေ”

မြင်စေချင်လိုက်တာ.....
ခူးစွတ်မှ
ကြွေကျမယ်မှန်း သိပေမဲ့
မလှမ်းဝံ့ခဲ့တာပါ.....
အုံ့ပုန်းချစ် မဟုတ်ပါဘူး
အမုန်းနွံ နစ်မှာ စိုးလို့ပါ....
စေသမျှကျေ
နေစေက နေတာကလဲ
ပျော်စေချင်လို့ပါ.....
မမြင်တတ်တာလား
မနှင် ရက်တာလား
အကြင်ခက်လေသလား.....
မင်းရင်ထဲမှာ
ငါ့အတွက် နေရာ
မရှိမှာလဲ
စိုးကြောက်မိသူပါ.....
မဖွင့်ဟရဲသူကို
စွန့်ပစ်လို့ မသွားပါစေနဲ့လို့
တိတ်တခိုး ဆုတောင်းရင်း
ကြိတ်ပိုးဝေဒနာအပြည့်နဲ့
ငါ့ကို......
သူငယ်ချင်းလေးရယ်
မင်း မြင်စေချင်လိုက်တာကွယ်။ ။ ။ ။

အန်(န်)စလင်း


“အသင့်”

မမေ့ပါနဲ့နော်
အချိန်ပြည့်လို့ လူစားလဲရင်
မင်းရဲ့ဘေးမှာ......
စုံမက်လို့ ဆင်မြန်း
အယုံခက်လို့ မလှမ်းချင်လည်း
မင်းစိတ်အလိုကျ.....
လာပါလို့ ခေါ်လိုကခေါ်
ပြန်ပါလို့ စေလို့ကစေလဲ
ကျေနပ်နေဆဲ......
မင်း မကြည့်လို့ပါ
ရင်တွင်း မချိဝေဒနာ
ခြွေမချလဲ ကြွေပြဝံ့သူလေ....
မင်းအလိုကျသုံး
မလိုလို့ မုန်းလဲ
ကြွေဝံ့သူ ငါဟာ
မင်းအတွက်သာ
အသင့်သူပါ။ ။

အန်(န်)စလင်း




“ဒီဇင်ဘာ(၂၅)မှသူငယ်ချင်းသို့”

ဆောင်းနှင်းတွေဝေ သဇင်တွေဖူး
ဒီရာသီထူး
အေးချမ်းမှုများ ခံစားကြရင်း
မင်းနဲ့အတူ ပျော်ဖူးခဲ့တယ်။
မင်းရဲ့ဘာသာ ခရစ်ယာန်မှာ
မင်းပြောနေကြ စကား အဲဒါ
အဖဘုရား ပေးသနားတာတဲ့။
ဘုရားကျောင်းမှာ တိုင်တည်ဆုတောင်း
ပျော်ရွှင်မှုအပေါင်း ပြည့်ဝစေဖို့
ငါ့ လက်ကိုတွဲ ခိုင်မြဲသစ္စာ
ဆုတောင်းစကား ငါမမေ့ရန်
မင်းမှာခဲ့တာ
2003 ရဲ့Christmas မှာ။
ခရစ်တော်မှာ အိပ်ပျော်နေတဲ့
သူငယ်ချင်းရေ.......
နှစ်တွေ ကြာခဲ့ပေမဲ့
တို့နှစ်ယောက်ရဲ့ ကတိတွေ
မန်ယူဘောလုံးပွဲ ကြည့်ရတိုင်း
ခရစ္စမတ်နေ့တိုင်း သတိရနေတယ်။ ။ ။

အန်(န်)စလင်း
23.12.2009
မှတ်ချက်။ ။ဘယ်တော့မှ မေ့လို့မရတော့တဲ့။မန်ယူဘောလုံးအသင်းကို စွဲစွဲမြဲမြဲ ကျွန်တော်နဲ့အတူ အထက်တန်းကျောင်းသားဘဝတည်းက အားပေးခဲ့သော ခရစ်ယာန် ဘာသာဝင် သူငယ်ချင်း တစ်ယောက်အတွက်။

Dec 22, 2009


"ခရစ္စမတ် အလွမ်း"

သူငယ်ချင်းရေ ...
ဘုရားကျောင်းတော်က
ခေါင်းလောင်းသံ
မပြောင်းလဲသမျှ
ဘုရားသခင်ရှေ့မှောက်
ဒို့နှစ်ယောက်ရဲ့ ဆုတောင်းသံတွေ
မြန်မြန်ဆန်ဆန် ပျောက်ကွယ်မသွားပါဘူး ...။
ဘုရားကျောင်းတော်က
တေးသံတွေလွင့်ပြန့်နေသမျှ
ဒို့နှစ်ယောက်မေတ္တာ ပျက်ပြယ်ခြင်းမရှိပါဘူး ...။
ဘုရားကျောင်းတော်က
ဒီဇင်ဘာလ
“ ခရစ္စမတ်ည “ က
အမြဲတည်ရှိနေပေမဲ့
ဘုရားသခင် အလိုကျ
မင်းက ... ခရစ်တော်မှာ မှေးစက်လို့
အေးချမ်းနေခဲ့ပြီ ...။
သူငယ်ချင်းရေ ...
ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံ
ဘုရားကျောင်းရဲ့ ဓမ္မတေးသံ
ဘုရားကျောင်းရဲ့ ဆုမွန်ခြွေသံတွေကို
ငါ့မှာ အဖော်ပြုလို့
ဘုရားသခင်ရှေ့မှောက်မှာ
မင်းအတွက် ငါ့ရဲ့ ဆုတောင်းသံများ
မင်းကြားခဲ့မယ်ဆိုရင်
ဒီဇင်ဘာလ “ ခရစ္စမတ် “ နေ့တိုင်းပါ
သူငယ်ချင်းရယ် ....။

အန်(န်)စလင်း
မှတ်ချက်။ တက္ကသိုလ်ကျောင်းသားဘဝက အမှတ်တရကဗျာစာအုပ် ထုတ်ဖြစ်တဲ့အထဲက ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတစ်ယောက်အတွက် ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။

“စေတနာစကားများ နားမှာ မခါးသင့်ပါ”

“က”မှ“အ” အက္ခရာ
နောမကြေသေးပဲနဲ့
ဒီအတိုင်း ရှေ့ဆက်သွားသင့်သလား
သင်ယူရင်း ရှေ့ဆက်သွားသင့်သလား
ကိုယ့်သမိုင်း ကိုယ်တိုင်ရေးတဲ့သူတွေချည်းပါပဲ။
အချိန်မီ.... နောင်တမရခင်
ပြန်စမ်းစစ်ကြည့်သင့်တယ်
တစ်ဘက်တည်း ကြည့်တဲ့သူတွေ
တစ်ဘက်တည်း မြင်တဲ့သူတွေ
တစ်လမ်းတည်း သွားတဲ့သူတွေ
တစ်လမ်းတည်းပဲ သွားတတ်တဲ့သူတွေ
“မှန်”လိုလူမျိုးနဲ့ မကြုံမိစေချင်ဘူး။
အဆိုးနဲ့အကောင်း
ရန်သူနဲ့မိတ်ဆွေ
ချစ်သူနဲ့မုန်းသူ
ဆန့်ကျင်ဘက်အရာတွေတောင်
တခါတရံမှာ ညီမျှခြင်းချသွားတတ်တာပဲ...
လောကနိယာမ တရားတွေထဲမှာ
ငါတို့တွေ ရုန်းကန်နေသမျှ
အပူအအေး မမျှတစရာ မရှိပါဘူး
အဲဒီအခါ....
“ဆရာသုမောင်”ပြောသလို
မိမိကျေးဇူးကို မေ့ပြစ်ပြီး
သူတစ်ပါး ကျေးဇူးကို ဘယ်တော့မှ မမေ့ပါနဲ့ သူငယ်ချင်း......။

အန်(န်)စလင်း
24.09.2008



“သူငယ်ချင်း တွေဆိုတာ”


ဒီနေ့ မင်းနဲ့ငါ ခင်ခဲ့ကြတယ်
ဒါပေမဲ့ မင်းနဲ့ငါ လူမျိုးခြားတွေ
အစ္စလာမ်နဲ့ဗုဒ္ဓ ခရစ်ယာန်နဲ့ဟိန္ဒူ
ဒါတွေဟာ လူတွေပါ။
သို့ပေမဲ့ မင်းကိုငါ ခင်ပါတယ်
ကိုးကွယ်ရာ ဘုရားသခင်
ယုံကြည်ရာအမြင် ကွာခြားနေပါစေ
ငါ့စိတ်တွေ ပြောင်းမသွားဘူး
အဖြူနဲ့အမဲ
အသားရောင်တွေ ကွဲပြားလဲ
ဒါတွေဟာ လူတွေပါ။
ဂုဏ်ပကာသန မာန်မာန မရှိပဲ
အသက်ရှင်ဆဲထိ
မင်းနဲ့ငါ သူငယ်ချင်းပါပဲ။

အန်(န်)စလင်း
24.07.2007



"အဲဒါ ကျွန်တော်"

စိတ်ကူးနဲ့တွေး
စိတ်ကူးတွေသီ
စိတ်ကူးတွေယဉ်
စိတ်ကူးထဲကအတိုင်း ဖြစ်ခဲ့ရင်
ကမ္ဘာကျော် ကဗျာဆရာတစ်ယောက် ဖြစ်နေပြီ။

အန်(န်)စလင်း
22.12.2009
Malaysia

Dec 20, 2009


"ပန်းချီဆရာမ"


ကျွန်တော်အထက်တန်း ကျောင်းသားဘဝကပေါ့။အဲဒီတုန်းက အတန်းထဲမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာမ ဒေါ်ခင်ခင်ထွေးက ကျွန်တော်တို့ကို သူတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြခဲ့ပါတယ်။အဲဒီဇာတ်လမ်းလေးကို ကျွန်တော်က ရယ်စရာအဖြစ် ပြောပြချင်ပါတယ်။
ဆရာ/ဆရာမတွေရဲ့ ဖောင်ကြီးမွန်းမံသင်တန်း တက်စဉ်ကပေါ့။ဆရာမတို့ရဲ့ သင်တန်းဆရာက ဆရာတစ်ယောက်နဲ့ဆရာမတစ်ယောက်စီကို အတန်းရှေ့ ထွက်စေပြီး သင်ပုန်းပေါ်မှာ ပန်းချီအဆွဲ ပြိုင်ခိုင်းပါတယ်
အဲဒီလိုနဲ့ တစ်ယောက်တစ်လှည့် ပန်းချီဆွဲရင်း ကျွန်တော့်ဆရာမနဲ့ အခြားကျောင်းဆရာတစ်ယောက် ထွက်ပြိုင်ရတာပေါ့ ဆွဲရမဲ့ ပန်းချီပုံက တရိစ္ဆာန်တစ်ကောင်ပုံ။အရင်ပြီးတဲ့သူအနိုင်ရမယ်။
ကျွန်တော့်ဆရာမမှာတော့ ကြည့်ဆွဲတာတောင် တူအောင် ဆွဲနိုင်တာ မဟုတ်ဘူး။ဟိုဘက်က ကျောင်းဆရာကတော့ စဆွဲနေပြီ ပုံလေးကလှမှလှ ငါတော့ ရှုံးတော့်မှာပဲလို့ တွေးမိပြီး ဘာပုံဆွဲရမှန်း မသိဖြစ်နေတာပေါ့ နောက်ဆုံး အကြံတစ်ခု ရသွားတယ် အဲဒါက ကျွန်တော့်ဆရာမရဲ့ အနိုင်ပွဲဖြစ်သွားတယ်။ဟိုဘက်ကျောင်းဆရာက ပုံကို လှလှပပလေး ဆွဲနေချိန်မှာ ဆရာမက မြေဖြူကို ကိုင်ပြီး သင်ပုန်းကို "ဒေါက်" ဆို တစ်ချက်ခေါက်ပြီး ပြန်လာခဲ့တယ် ဆွဲပြီးပြီပေါ့။
အားလုံးသော ဆရာ/မ တွေနဲ့အတူ သင်တန်းဆရာပါ ကြောင်တောင်တောင် ဖြစ်သွားတယ် သင်တန်းဆရာက မေးတယ်"ဆရာမလေး အဲဒီအကောင်က ဘာအကောင်လဲ"။ကျွန်တော့်ဆရာမဆွဲတဲ့ပုံက ရှင်းရှင်းလေးပဲ အဓိက အနိုင်ရဖို့ပဲလေ ဆရာမက ပြန်ဖြေတယ်"ဖြုတ်"တဲ့။


အန်(န်)စလင်း


သခင့်ဆီသို့


သခင်.....
အသစ်ကိုမြင်လို့ အဟောင်းကိုစွန့်
နွန့်ပြီးကာမှ။
သခင်....
အကြင်နာနဲ့ ထွေးပိုက်
ရင်ဝယ်ပိုက်လို့
အကျွန့်ကို လိုတရစေခဲ့။
သခင်...
ခွင့်လွှတ်ပါလို့မဆို
ပိုလို့တောင် မိုက်တဲ့
အကျွန်မိုက်ကို
သံယောဇဉ် မကုန်
ဂရုစိုက်ခဲ့တာကို
သခင်....
နောင်တ ဝေဒနာ
ရင်မှာ အပြည့်
မြေ့မြေ့ ခံစား
အကျွန်သားကို
လက်ကမ်းကြိုလင့်ခဲ့ရင်
သခင့်ဆီ အပြေး ပြန်လာပါရစေ
သခင်....

အန်(န်)စလင်း

Dec 19, 2009






သူငယ်ချင်းတို့ရေ.....

မင်းတို့ကို ငါသိပ်သတိရတာပဲကွာ အဝေးသင် ကျောင်းသားဘဝရဲ့ ပျော်ရွှင် စိတ်ညစ်ခဲ့ဖူးတဲ့ အချိန်တွေကို ငါတမ်းတနေမိတယ် ပေါက်ကရ ပြောကြ အော်ကြ ဟစ်ကြ မူးကြ တစ်ခါတစ်လေ ရန်ဖြစ်ကြပေမဲ့ အမြဲတမ်း ပျော်ပျော် ရွှင်ရွှင် နေခဲ့ကြတဲ့ တို့ရဲ့ သူငယ်ချင်းကျောင်းသား ဘဝတွေ ပြန်လည် တမ်းတ စရာတွေပေါ့ကွာ။
ကျောင်းတွေပိတ် လို့ အိမ်ကိုပြန် မိဘအရိပ်ကို ရောက်တော့ တစ်ခါပျော်ပေါ့ကွာ ဒါပေမဲ့ ကျန်ခဲ့တဲ့ ကျောင်းသားဘဝက သူငယ်ချင်းတွေနဲ့ ခွဲခွါခဲ့ကြရတော့ တစ်ခါ လွမ်းပေါ့ကွာ။
ငါတို့တွေ ပညာသင်ခဲ့တဲ့ ထနောင်းတမာမြေက မြစ်ဧရာနံဘေးမှာ မျိုးဆက်သစ် လူငယ်ကျောင်းသားတွေကို ပညာအမွေ ပေးခဲ့တဲ့ မကွေးတက္ကသိုလ် ကျောင်းကြီးဟာ ငါတို့အတွက် ပညာရော အလွမ်းတွေပါ ပေးခဲ့တဲ့ အလွမ်းဗိမ္ပာန် ကျောင်းကြီး လို့ ငါသတ်မှတ်တာ မမှားနိုင်ပါဘူးနော်.......။
တစ်မြို့တည်းသား သူငယ်ချင်းတွေကတော့ ကိုယ့်မြေ ကိုယ့်ဒေသမှာတော့ သူငယ်ချင်းတွေဆုံဖြစ်ကြတဲ့အခါ ကျောင်းသားဘဝ ရှေးဟောင်း နှောင်းဖြစ်တွေ ဂုဏ်ယူ ဝံ့ကြွားစွာ လွမ်းတသသ ပြောကြ ရည်းစားရှိတဲ့သူတွေက ရည်းစားတွေကို လွမ်းတဲ့အကြောင်း ပြောကြ ရည်းစား မရှိသူတွေကတော့ သူငယ်ချင်းဘဝတွေကို အောက်မေ့ တသသလွမ်းကြပေါ့ကွာ။
မင်းတို့တော့ မသိလေဘူး ငါကတော့ အသဲငယ်တဲ့သူဆိုတော့ ပိုလို့တောင် ခံစားမိတယ်ကွာ ငါ့ခံစားချက်တွေကို နားထောင်မဲ့သူတောင် လွမ်းသွားနိုင်တယ် အခုထိ ငါ့ရင်ထဲမှာ တစ်မျိုးတစ်ဖုံ ခံစားနေရဆဲပဲကွာ။တို့ကျောင်းသားဘဝက အမှတ်တရ ရိုက်ခဲ့ကြတဲ့ ဓါတ်ပုံတွေကို ပြန်ကြည့်မိတော့ ငါ့ရင်ထဲမှာ ဘယ်လိုအမည်မှ တပ်လို့မရတဲ့ ခံစားချက်တွေ ရင်ဘတ်ကြီးနဲ့ အပြည့်ပဲကွ သိလား။
ငါတို့ရောက်ခဲ့တဲ့ ဘုရားတိုင်းမှာ ငါ့စိတ်မှာထဲမှာ အမြဲတမ်း ဆုတောင်းမိတာကတော့ နောင်ဘဝဆက်တိုင်းဆက်တိုင်း သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဖူးမြော်ခွင့် ပါလို၏ ဆိုတဲ့ ဆုတောင်းသံဟာ ငါ့ရင်ထဲမှာ အမြဲတမ်း သံမှိုစွဲ ရိုက်ထားသလို အမြဲဆုတောင်းနေတာပေါ့ကွာ။ငါအသက်ရှင်နေသရွေ့ ငါ့ရဲ့ သူငယ်ချင်းအဆိုးအကောင်း မခွဲဘဲ အားလုံးကို သတိရနေမှာပါကွာ။မင်းတို့ကိုယ်တိုင် ခံစားပြီးမှ ယုံရင်ယုံတယ် မယုံရင်မယုံဘူးလို့ ပြောကြပေါ့ကွာနော်။ငါ့ရဲ့သေရာပါသွားမဲ့ စိတ်ကတော့ သူငယ်ချင်းအားလုံးကို အမြဲ ပျော်စေချင်တဲ့ ဆန္ဒပါပဲကွာ။

သူငယ်ချင်းဘဝတွေကို ခံစားရင်း
အန်(န်)စလင်း

Dec 18, 2009


“တို့မြန်ပြည်သား တိုးတက်ပုံများ”

ရွာမှာဆို.....နေညိုညို လှည်းလမ်းတစ်လျှောက်
ဖုန်လုံးကြီးက တလိမ့်လိမ့် တရုပ်ဘီးတွေ တရွေ့ရွေ့
မြို့မှာဆို....ဒီလိုအချိန် ပေတရာလမ်းဘေးတလျှောက်
လဘက်ရည်ဆိုင်တွေကအပြည့် သီချင်းသံတွေကတငြိမ့်ငြိမ့်
ကျဉ်းမြောင်းလာတဲ့ ကမ္ဘာကြီးထဲ
စာဥတို့ တရုပ်ဘီးစီး
သာအေးက ရက်(ပ်)ပင်ရွတ်
ချက်ကြီးက နိုင်ငံခြား
ဖိုးစည်က ဘောလုံးပွဲကြည့်
ဒို့မြန်ပြည်ကြီးတိုးတက်ပုံများ..........
လီရောင်ဂျေးနဲ့ဂျူမုံ ဆို စာဥရင်မှာ လှိုက်လှိုက်ဖို
ကမ္ဘာတွေပြိုမိုးတွေရွာချ ရက်ပင်ရွတ်တဲ့သာအေးဟ
၁(လ)မှာ(၂)သိန်း ၁နှစ်မှာ၂၄သိန်း
ချက်ကြီးရဲ့တွက်ကိန်း
မန်ယူ ချဲ(လ်)ဆီး အောက်ကြေးကောင်းသည်
ဖိုးစည်အသံပင်ဖြစ်လိမ့်မည်
ဂလိုဘယ်ခေတ် အိုင်တီခေတ်မှာ
ကိုရီးယားစကား စာဥပြောသည်
J-me Sai Sai သာအေးသိသည်
မလေးရှား ကိုရီးယား ချက်ကြီးသွားမည်
2010 ကမ္ဘာ့ဖလား တောင်အာဖရိက အိမ်ရှင်ဆိုတာ
ဖိုးစည် ချက်ချင်းဖြေနိုင်သည်
ဒို့မြန်ပြည်သား တိုးတက်ပုံများ.........
..... ...... ..... ...... ...... ........ ........
လွတ်လတ်ရေးနေ့သူတို့မသိ
ကိုရီးယားကား လာတာ စာဥသိသည်
ရဲလေးသီချင်း သာအေးသိသည်
နိုင်ငံခြားအကြောင်း ချက်ကြီးသိသည်
ချန်ပီယံလိ(ဂ်) ဘယ်နေ့ ဖိုးစည်သိသည်
ဗိုလ်ချုပ်မွေးနေ့ သူတို့မသိ
ချစ်သူများနေ့ စာဥသိသည်
Sai Sai မွေးနေ့ သာအေးသိသည်
နိုင်ငံခြား သွားဖို့ ချက်ကြီးသိသည်
ဒိုလေး မွေးနေ့ ဖိုးစည်သိသည်
အာဇာနည်(၉)ဦး သူတို့မသိ
ကိုရီးယားမင်းသား စာဥသိသည်
Hip Hop Rapper သာအေးသိသည်
မလေးရှား ကိုရီးယား ချက်ကြီးသိသည်
ထောင်သောင်းမကဘောလုံးသမား ဖိုးစည်ချက်ချင်းဖြေနိုင်သည်
ဪ.......ဒို့မြန်ပြည်သား တိုးတက်ပုံများ

အန်(န်)စလင်း
29.06.2009 Malaysia

ကျားသနားမှနွားချမ်းသာမယ်

မိန်းမ ဆိုတဲ့ဝေါဟာရနဲ့ ပက်သက်ပြီိး ယောင်္ကျားသားတွေဟာ အမျိုးမျိုး ပြောင်းလဲသွားကြတယ်။
တချို့ယောင်္ကျားသားတွေဟာ ဝါဂွမ်းလေးလို နူးညက်သွားကြတယ်၊တချို့က ရက်စက်တတ်လာတယ် တချို့ဟာသိမ်ငယ်သွားကြတယ်။မိန်းမနဲ့ပက်သက်ပြီးတချို့ယောင်္ကျားတွေဟာ မိန်းမဆိုတာကိုတန်ဖိုးထားမြတ်နိုးခဲ့ကြတယ်၊တချို့ဟာ ဖြုန်းတီးပြစ်ကြတယ်၊တချို့ဟာ ပေး ဆပ်ခဲ့ကြတယ်၊တချို့ဟာမိမိတစ်ဦးတည်းခံစားမှုအတွက်ရယူခဲ့ကြတယ်။
တကယ် ချစ်တတ်လာတဲ့အခါ ယောင်္ကျားသားအားလုံးဟာ မိန်းမတစ်ယောက်အတွက် စွန့်လွှတ်ပေးဆပ်တန်ဖိုးထားမြတ်နိုးရင် လုံးဝ ချွတ်ယွင်းချက်မရှိ အနစ်နာ ခံခဲ့ကြတယ်၊တခါတရံကျွန်တော်တို့ယောင်္ကျားသားတွေဟာ မိန်းမတစ်ယောက်ကြောင့် ရူးသွပ်ခဲ့ဖူး ဘဝပျက်ခဲ့ဖူးကြတယ်။မိမိတစ်ဦးတည်း ခံစားမှုအတွက် ရယူခဲ့တဲ့ ယောင်္ကျားတချို့ကြောင့် တခြားယောင်္ကျားသားတွေ နာမည်ပျက်ခဲ့ရတယ်။
မိန်းမမာယာ သဲကိုးဖြာတဲ့ စဉ်းစားကြည့်ပါဦး တော်တော်ဥာဏ်များကြတာပဲ အင်းလေ ဒါဟာ သူတို့ရဲ့ မွေးရာပါ အတတ်ပညာပဲလေ။တခါတရံ ကျွန်တော်စဉ်းစားကြည့်မိတဲ့အခါ အဲဒီလို ဥာဏ်များ မြစ် ချောင်းတွေလို ကွေ့ကောက်ပြီး ကြောက်စရာလဲကောင်း သနားစရာလဲကောင်း မုန်းစရာလဲကောင်း ချစ်စရာလဲ ကောင်းတဲ့ မိန်းမတွေကိုပဲ ကျွန်တော်တို့ယောင်္ကျားတွေဟာ စုံမက်နေခဲ့ကြတာပဲ ဒါဟာ သဘာဝကြီးပဲလား အဲဒီ သဘာဝကြီးကို ပြင်လို့ရရင် ဘယ်လို ယောင်္ကျားသားတွေက ပြင်ကြမလဲ ။
အိမ်ထောင်သည် အမျိုးသားတွေဟာ ကိုယ့်ရဲ့ဇနီးမယားကို ချစ်ခင်စုံမက်လို့ ယူကြတာရှိသလို မနှစ်သက်ပဲ အကြောင်းအမျိုးမျိုးကြောင့် ယူခဲ့ကြတာတွေလဲရှိတယ် ဒါပေမဲ့ ထိုအိမ်ထောင်သည် အမျိုးသားတွေဟာ သူတို့ ဘာပဲလုပ်လုပ် ဘာပဲစားစား ဘယ်ကိုပဲသွားသွား သူတို့ဇနီးမယားကို တိုင်ပင်တတ် သတိရတတ် လွမ်းတတ်ကြတာပါပဲ ဒါကို တခြားသော ယောင်္ကျားသားတွေဟာ သူတို့ကို မ.ယ.က(မယားကြောက်)လို့စစနောက်နောက် ခေါ်ကြတယ် အဲဒီလို ခေါ်တာမကောင်းပါဘူးဗျာ ကျွန်တော်ကိုယ်တိုင် အိမ်ထောင်မပြုဘူးသေးပေမဲ့ လေ့လာမှုအရ ပြောရဲပါတယ်။
မိန်းမနဲ့ယောင်္ကျား အများကြီး ကွာပါတယ် အဲဒါကို အခွင့်အရေးယူပြီး မိန်းမတွေက ငါတို့က ယောင်္ကျားကို နိုင်တယ် ဆိုပြီး မထီမဲ့မြင် လုပ်ကြတယ် ယောင်္ကျားနဲ့မိန်းမ မတူဘူးနော် ဆီနဲ့ရေလို အများကြီး ကွာတယ် လာမယှဉ်နဲ့ အကုန်မှားသွားမယ် ဘဝပါ ပျက်သွားမယ် ဆူးပေါ်ပဲဖက်ကြကြ ဖက်ပေါ်ပဲဆူးကြကြ ဘာဖြစ်သွားမလဲ သတိထားပါ။
မိန်းမ မုန်းတီးရေး ဝါဒမဟုတ်ပါဘူး ယောင်္ကျားအချင်းချင်း မယားကြောက်လို့ခေါ်တဲ့သူတွေ ယောင်္ကျားတွေကို မတူမတန် ဆက်ဆံတဲ့ မိန်းမတွေအတွက်ပါ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက် ကိုကြောက်စရာလား ကျားသနားမှနွားချမ်းသာမှာပါ သူတို့မိန်းမသားတွေဟာ ယောင်္ကျားသားတွေကို မာယာနဲ့သာ ထိန်းချုပ် လှည့်ဖြား နိုင်တာပါ ကျွန်တော်တို့ ယောင်္ကျားတွေကတော့ မာယာရော အင်အားရော ဦးနှောက်ရော အဘက်ဘက်က အများကြီးသာတယ်ဆိုတာ သူငယ်ချင်းတို့ သဘောတူရင် လက်ခုပ်တီးပါ။


အန်(န်)စလင်း
18.12,2009 Malaysia

လူ့ဘဝမှာ....

ခံစားမှုရသ အမျိုးမျိုးနဲ့ ဒီလောကကြီးထဲမှာ အားလုံးသောသူအပေါင်း ခံစားချက်ပေါင်းများစွာနဲ့ ဘဝကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြတာ တချို့က ကျရှုံး တချို့က အောင်မြင် တချို့က ဆုံးရှုံးခြင်းမရှိ အောင်မြင်ခြင်းလည်းမရှိ တချို့က ဆုံးရှုံးပြီးမှအောင်မြင် တချို့က အောင်မြင်ပြီးမှဆုံးရှုံးနဲ့ ခရီးဆက်နေကြတယ်။ဒီအထဲမှ မမှားအောင် လမ်းမှားကိုမရောက်အောင် အားလုံးဟာ သုံးသပ်တွေးခေါ်ပြီး လျှောက်လှမ်းနေကြတာပါ။
ဘယ်သူဘယ်ဝါမျှ အမှားကိုမလိုချင် မလုပ်ချင်ကြဘူး။ဒါပေမဲ့ မမြင်ရတဲ့ ကံကြမ္မာ
ဝဋ်ကြွေးကြောင့် အမှားထဲရောက် အမှားထဲနစ်မြုပ်သွားခဲ့ကြသူတွေလည်း အများကြီး။
ဒါပေမဲ့ သူတို့တွေဟာ အဲဒီအမှားတွေထဲက ကြိုးစားပြီး ရုန်းထွက်ခဲ့ကြတယ်။
စာနာတတ်သူတွေက လက်ကမ်းကြိုလင့်ကြပေမဲ့ မစာနာတတ်သူတွေက အမှားနွံထဲကို
မရောက်ရောက်အောင် ပြန်ပို့ကြတယ်။ဒါဟာလည်း ဘဝရဲ့ဒုက္ခအစိတ်အပိုင်း တစ်ခုဖြစ်လို့
လက်မခံချင်လည်း လက်ခံရမှာပဲပေါ့။အဲဒီလို ဘဝထဲမှာ ကျွန်တော်တို့ဟာ အသိဥာဏ်
နဲ့ ပြည့်စုံတဲ့ လူသားဆိုတဲ့ သတ္တဝါအဖြစ်နဲ့ ဖြတ်သန်းနေကြတာပါ။လူပီသစွာနေထိုင်ကြ
တာပါ။
လူထဲကလူတွေထဲမှာတော့ မိမိကိုယ်တိုင်က အသွားအပြန်ရှိခဲ့သလား တစ်လမ်းတည်း
သွားတဲ့လူလား တစ်လမ်းတည်းပဲသွားတတ်တဲ့လူလား ပြန်သုံးသပ်ကြည့်ပါ။ဒါပေမဲ့ဗျာ
ဘုရားသခင်တောင် ဟောထားခဲ့တာပဲ လောကမှာ ကဲ့ရဲ့လွတ်သူမည်သူမျှမရှိတဲ့ ကဲ့ရဲ့ခြင်းဆိုတာ ရှေးအစဉ်အလာတစ်ခုပဲလို့ဟောထားခဲ့တယ်။ဒါကြောင့် ဘုရားသခင်
ဖန်ဆင်းပေးထားတဲ့ ဒီဘဒ္ဒကမ္ဘာ လောကကြီးထဲမှာ ဒုက္ခပေါင်းစုံ သောကပေါင်းစုံ သုခ
ပေါင်းစုံကို ရင်ဆိုင်ခံစားရင်း လူပီသစွာ နေထိုင်ကြပါစို့။
..... ...... ...... ....... ...... ...... ....... ...... ...... ....... ...... ....... ...... ...... ...... ...... ....

အန်(န်)စလင်း

“လူပျိုကြီးပဲလုပ်သင့်တယ်”

ရည်းစား လေးယောက် ထားဖူးပါတယ်
အဆင်မပြေပုံများ ပြောပြချင်ရဲ့
ပထမဆုံးချစ်သူကို အရူးအမူး
ချစ်ဦးသူုမို့ မထိရက် မကိုင်ရက်
အလှကြည့်ရုံသက်သက် မင်သက်နေမိခဲ့
ကျွန်တော့်ရဲ့အဖြစ် မှားမိလေခြင်း
ပါလို့သွား တကောက်ကောက်
လက်ရဲ ဇက်ရဲ တစ်ယောက်ရဲ့နောက်
နောက်တခါ ဒီလိုမျိုး မဖြစ်ရလေအောင်
ဒုတိယချစ်သူကို တခါသေဖူး ပျဉ်ဖိုးနားလည်ပြီလေ
နှစ်ဦးသား နားလည်မှု
ချစ်ခရီးဆက်မယ် ကြံ
ငါ့နှယ်နော် ဆိုးလိုက်တဲ့ကံ
သူမရယ် တပြည်တရွာပြောင်း
ဝေးခဲ့ပါကြောင်း
တတိယချစ်သူကို ကျောင်းမှာစတွေ့
တမြေ့မြေ့ကျွမ်း ဒီအသည်းကို
သူမနဲ့ အစားထိုး
နှစ်ဆတိုးလို့ ချစ်လွန်းခဲ့
နောက်တစ်နှစ် ကျောင်းပြန်အတက်
ခွင့်မလွှတ်ပါနဲ့ သူမကဆို
ထွက်သွားပြန်တယ် အဝေးကို
နောက်ဆုံးချစ်သူကို
ချစ်ကြယုံမျှဖြင့် နောက်တခါ မဝေးဖို့အရေး
ကတိစကား အပြန်အလှန်ထား
နှစ်ဦးသား ချစ်ခဲ့ပုံများ
မေ့မှာဆိုးလို့ အတန်တန်မှာ
ရေမြေရပ်ခြား သွားစဉ်မှာ
အချိန်အားဖြင့် နှစ်လတာ
ကြာရုံမျှဖြင့်
ချစ်ပါတယ် ဆိုတဲ့ ဒီကောင့်ကို
အရေးပင်မထား ကလေးကစားစရာ
အမှတ်ထား မေ့သွားလိုက်တာများ
ယောင်္ကျားရယ်ယူ အိမ်ထောင်မှု့ပြုသတဲ့
ဪ.......ကျွန်တော့်ဘဝ
.... .... ....
အန်(န်)စလင်း
04.12.2009 Malaysia

“ခွင့် လွှတ် တယ်”

ချစ်ဦးသူရဲ့ အမုန်း
အပြုံးနဲ့ ရက်စက်
ကွဲအက်ခဲ့ ဒီအသဲ
မနာကြည်းတတ်ခဲ့ဘူး။ ။
အန်(န်)စလင်း
24.03.2009 Malaysia





“လူ”
ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်
ကိုယ့်ကိုယ်ကို ချစ်တယ်
ငွေကို ခင်တယ်
လောဘရှိတယ်
ဒေါသရှိတယ်
အသိတရားလဲ ရှိတယ်
ရည်မှန်းချက်လဲ ရှိတယ်
အဲဒါ..........။
အန်(န်)စလင်း
22.06.2009 Malaysia

“ေယာက်ာၤးဆိုတာ”

ပထမနေ့..........။
“မ.....ကို ခင်ချင်လို့ပါ”
“ရှင်နဲ့ကျွန်မ မပက်သက်ချင်ဘူး”
“မ.....က မပက်သက်ချင်လည်း ကျွန်တော့်ကိုတော့ပက်သက်ခွင့်ပြုပါ”
“နေခဲ့ပါ ဆက်မလိုက်ခဲ့တော့”
“မ..... သဘောအတိုင်းပါပဲ”
ဒုတိယနေ့..........။
“ဒုက္ခပါပဲ ရှင်ဘယ်လိုဖြစ်နေတာလဲ”
“မ.....ကို ကျွန်တော်ချစ်မိနေပြီ”
“ရှင့်အတွက် ဘယ်လိုမှ ခံစားလို့မရဘူး”
“မ......ရယ် ကျွန်တော့်ကို နားလည်ပေးပါလား”
“စိတ်....အနှောင့်အယှက်ဖြစ်အောင်မလုပ်ပါနဲ့”
“မ.....ရယ် ကျွန်တော့်စကားတွေက စိတ်ရှုပ်စရာတွေလားဗျာ”
တတိယနေ့............
“ဒီအကြောင်းတွေချည်းပဲ ပြောနေမယ်ဆို ဆက်မလိုက်နဲ့တော့”
“မ......က အရမ်းချစ်ဖို့ကောင်းတယ်ဗျာ”
“ရှင်တော်တော်ပြောရခက်ပါလား”
“မ.......အတွက် ကျွန်တော့်ရင်ထဲက ဝေဒနာတွေ ဖွင့်ဟပါရစေ”
“ဘာဝေဒနာတွေလဲ နားလည်းမထောင်ချင်ဘူး သိလည်းမသိချင်ဘူး”
“မ......ကို တကယ်မြတ်မြတ်နိုးနိုးချစ်တာပါ”
စတုတ္ထနေ့(ခ)နောက်ဆုံးနေ့..........။
“..... ...... ...... ...... .......”
“မ......ကျွန်တော်ပြောတာနားထောင်ပါဦး”
“...... ....... ....... ........ .......”
“မ....အရင်နေ့တွေတုန်းကလို အမုန်းစကားတွေ ပြောပါဦး”
“...... ....... ...... ....... ......”
“မ....ကျွန်တော့်မှာ ဘာများ ချို့ယွင်းချက်ရှိလို့လဲဗျာ”
“...... ...... ....... ...... ......”
“မ.....တစ်ခုခုတော့ ပြန်ပြောဦးဗျာ”
“...... ....... ...... ...... .......”
“မပြောချင်လည်းနေဗျာ အလကား ပဲများနေတယ် သောက်ကညင်းမ ဗိုင်းနာမ”

အန်(န်)စလင်း
26.02.2009 Malaysia









“နိဒါန်းကျိုးနိဂုံးမဲ့သမိုင်း”


ငါ့လက်မှာ ကိုင်ဆွဲထားတဲ့
ကြယ်တစ်ပွင့်နဲ့ဖယောင်းတိုင်
မီးထွန်းညှိမထားပေမဲ့
လမ်းစ မပျောက်သေးဘူး
ငါကိုယ်တိုင် နေတစ်စင်းမဟုတ်ပေမဲ့
လတစ်စင်းလိုလဲမနေခဲ့ဘူး
ငါကိုယ်တိုင်စိုက်ထူခဲ့တဲ့
နေ့ရက်တွေထဲမှာ
လေပြင်းတွေ တိုက်ခတ်ရဲ့ 
မိုးတွေရွာသွန်းရဲ့ 
မြေငလျင်တွေ တုန်လှုပ်ရဲ့ 
ဒါပေမဲ့......
ဒုက္ခနဲ့မရင်းနှီးခဲ့ဘူး
ငါကိုယ်တိုင်ရေးခဲ့တဲ့ အမှားတစ်ချို့ 
ပြင်မရတဲ့သက္ကရာဇ်က
ရထားတစ်စင်းလိုတစ်ရွေ့ ရွေ့ နဲ့
အိမ်မက်ဆိုးတွေကခြောက်လှန့်ဆဲ
ငါအော်ဟစ်လိုက်တယ်
ဒါပေမဲ့.....
ပြောင်းလဲမသွားဘူး
ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြပေမဲ့
သူတို့တွေ လူလိုမသိတတ်ခဲ့ဘူး
အဲဒါက ဝဋ်တစ်ခုလား
ကံကြမ္မာရိုင်းလား
ဒါတွေအခုထိ ပြုံးပြုံးကြီးနဲ့ငါရင်ဆိုင်နေဆဲပေါ့
အန်(န်)စလင်း
20.03.2006 malaysia

“စိတ်ဓါတ်အားအင်”

အဆိုးနဲ့စလို့ အဆိုးနဲ့ဆုံးရမှာလား
ထွေပြားတဲ့စိတ်ကို ထိန်းချုပ်မရချိန်
ကံတရားကလည်းအမျက်ပွါးနေ
ငါ့ကိုတစစီဖဲ့ခြွေ။ ။ ။ ။
ရဲရဲရင်ဆိုင် သတ္တိနဲ့ပြိုင်ပေမဲ့
စိုးရွံ့ စိတ်ကရှိခဲ့တာ
ငါဟာ လူထဲကလူပါ
မဖြစ်နိုင်တာထက် မဖြစ်သေးတာပဲရှိ
အဆိုရှိလို့
အမျက်ပွါးတဲ့ကံတရား
တစစီဖဲ့ခြွေနေသလား
ငါဖြေလိုက်မယ် ငါဟာယောင်္ကျား
ကြွေကြမသွားဘူး
မှတ်ထား..........


အန်(န်)စလင်း
18.2.2006 Malaysia


“အမေကျေနပ်မှာပါလေ........”

ရေခြားမြေခြား တိုင်းတပါးမှာ
နေစဉ်ခဏ အချိန်အခါသမယ
ကျန်းခံ့သာလို့မာပါစေ
ဆုမွန်ခြွေကာတောင်းဆုပေးတဲ့အမေ
ငယ်စဉ်ကလေးဘဝက ဘဝအဆင်မပြေ
ပညာစာပေနဲ့ဝေးခဲ့သူအမေ
သားကိုပညာတတ် သမီးကိုပညာတော်
ဖြစ်စေချင်တဲ့အမေ
ငါ့သားရောက်ရာ အရပ်ဒေသမှာ
အဆင်ပြေဖို့ စာချွန်လွှာ ရောက်လာချိန်မှာ
အခါခါကျွန်တော်ဖတ် ဖတ်လို့မဝခဲ့ဘူးအမေ
အမေ့လက်ရေး စာထွေးထွေးက သားမျက်စေ့မှာ
“ဝ”လုံးလေးတွေလို ဝိုင်းစက်နေတယ်အမေ
အမေကြည်နူးဖို့ သားတတ်တဲ့ပညာ
အနုပညာ စာကဗျာနဲ့ ဦးခိုက်ပါရစေအမေ.......

အန်(န်)စလင်း
8.11.2005

ရယ်စရာ မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော အမေ့အတွက် အမှတ်တရ ကဗျာ

(photo copy right: google image.)

“စိတ်ကူးနဲ့အပြန်”

ရေမြေခြားက
အိမ်အပြန်မှာပေါ့.....
ဌာနေမြေကို
အပြေးပြန်လာချိန်
တိမ်ထုတွေကြား
ထိုးဖောက်မြင့်မားလို့
ရွှေတိဂုံကိုမြင်ခါစ
ရည်မှန်းချက်တွေပြည့်လို့
အလွမ်းတွေဝေနေတဲ့
ကျွန်တော့်ကို......
အဖေနဲ့အမေ ညီလေး ညီမလေးတွေ
အပြုံးတွေနဲ့ကြိုနေမလား
ပီတိစိတ်ဖြာ
အတိတ်ဝေဒနာတွေလွင့်ခဲ့လို့
စိတ်ကူးလေးနဲ့မြင်လို့ကြည့်တာ
ဒီနေ့အထိပါ ။ ။ ။ ။

အန်(န်)စလင်း
24.07.2007 ခေတ္တမလေးရှား

“အိမ်မက်နဲ့ပစ္စုပ္ပန်”

လှပလွန်းတဲ့ အိမ်မက်တစ်ခုထဲမှာ
ကျွန်တော်ဟာ ဘီ(လ်)ဂိတ်ဆိုတဲ့သူဌေး
ဒါပေမဲ့....
မာစီဒီးဘင့်(န်)တောင်မစီးဘူးသေးဘူး
ဟိုတစ်နေ့က အိမ်မက်ထဲမှာ
ကျွန်တော်ဟာ မိုက်တိုင်စန်
ဒါပေမဲ့ .........
ဟိုလီဖီး နားရွက်ကိုမကိုက်ခဲ့ဘူး
အရင်တစ်နေ့က အိက်မက်ထဲမှာ
ကျွန်တော်ဟာ ရာဘင်ဒြာနတ်(တ)ဂိုး
ဒါပေမဲ့..............
ကဗျာတော့မရွတ်တတ်သေးဘူး
လွန်ခဲ့တဲ့ရက်က အိမ်မက်ထဲမှာ
ကျွန်တော်ဟာ ဆာအဲလက်(စ်)ဖာဂူဆန်
ဒါပေမဲ့ .....
စကော့တလန်တောင်မရောက်ဘူးသေးဘူး
မနေ့က အိမ်မက်ထဲမှာ
ကျွန်တော်ဟာ မိုက်ကယ်ရှူးမေကာ
ဒါပေမဲ့....
ကားတောင်မမောင်းတတ်သေးဘူး
ညကအိမ်မက်ထဲမှာ
ကျွန်တော်ဟာ ဘွန်ဂျိုဗီ
ဒါပေမဲ့ ....
သီချင်းတော့.. မဆိုတတ်သေးဘူး
ဒီနေ့မက်မဲ့ အိမ်မက်ထဲမှာ
ရှာရာပိုဗာလဲပါရဲ့  မီရှဲ(လ်)ဝီလဲပါရဲ့
ဘရစ်တနီစပီးယားလဲပါရဲ့
ဂျနီဖာလိုပက်(ဇ်)လဲပါရဲ့
ပြီးတော့ ဇင်ဇင်ဇော်မြင့်နဲ့
Featuring လိုက်တဲ့ Jenny
ဘာလုပ်ဖို့လဲမသိသေးခင်
အခုလောလောဆယ်
ကျွန်တော်ဟာ မလေးရှားမှာ
ကလေးကစားစရာတွေကို
ဆေးမှုတ်နေရတယ်။

အန်(န်)စလင်း
17.07.2007 ခေတ္တမလေးရှား

Search